ဤအပိုင်းတွင် စာများကို ဖတ်ရှုခြင်း၊ ရေးခြင်း နှင့် ဖျက်ခြင်းများကို ဖော်ပြထားသည်။
အီးမေးလ်များကို ဖတ်ရှုနိုင်ရန် ကေ-၉ ကိုဖွင့်၍ မိမိဖတ်လိုသော စာများပါသည့် အီးမေးလ်ဖိုင် ကိုကလစ်နှိပ်ပါ။ မက်ဆေ့ခ်ျအသစ်များကို ဖတ်ရှုလိုသည်ဆိုပါက Unified Inbox ကို ရွေးချယ်ပါ။
ပုံတွင် ရွေးချယ်ရန်ဖိုင်အမျိုးမျိုးကိုတွေ့ရမည်ဖြစ်ပြီး ဖိုဒါတခုခြင်းစီအတွင်းရှိ မိမိမဖတ်ရှုရသေးသည့်စာများ၏ အရေအတွက်ကို ဖော်ပြထားသည်ကိုလည်းတွေ့ရမည်။
မိမိတို့အနေဖြင့် ဖိုဒါတခုခုကိုရွေးချယ်လိုက်ပါက ၄င်းထဲတွင် အီးမေးလ်မက်ဆေ့ခ်ျများ၏စာရင်းကို တွေ့ရမည်ဖြစ်သည်။ မက်ဆေ့ခ်ျ၏ဘေးရှိ အပြည့်ရေးချယ်ထားသော စက်ဝိုင်းသည် မဖတ်ရှုရသေးသည့်စာများကိုဖော်ပြပေးခြင်းဖြစ်ပြီး၊ အီးမေးလ်၏အကြောင်းအရာခေါင်းစဉ်ကို ပေါ်လွင်အောင်ဖော်ပြပေးထားသည်။
မက်ဆေ့ခ်ျကိုဖတ်ရန် ၄င်းမက်ဆေ့ခ်ျ၏ အဓိကအပိုင်းနေရာကို ရွေးချယ်နှိပ်ပေးရမှာဖြစ်ပါသည်။
ထို့နောက် ကေ-၉ က မက်ဆေ့ခ်ျကိုဖော်ပြပေးမည်ဖြစ်သည်။ ကေ-၉သည် HTML ဖြင့် စီစဉ်ဖွဲ့စည်း (HTML formatting) ထားသည့်မက်ဆေ့ခ်ျများနှင့် ပုံများ အပါအ၀င် တော်တော်များများသော အီးမေးလ်များကို ဖော်ပြပေးနိုင်သည်။
အခြား ပြုလုပ်နိုင်သော ရွေးချယ်စရာ (options) များကို အပေါ်ရှိခေါင်းစဉ်ဘားတန်း (header bar) တွင်တွေ့ရမည်ဖြစ်သည်။
ဘားတန်းပေါ်ရှိ မျှားပုံစံကီးခလုတ်များကိုရှေ့နောက်ရွေ့လျှား၍ မိမိ၏ဖိုဒါထဲတွင်ပြထားသော မက်ဆေ့ခ်ျများကို လိုသလိုဖတ်ရှုနိုင်မည်ဖြစ်ပြီး၊ အမှိုက်ပုံးပုံသဏ္ဍန်ပြထားသော ရုပ်ပုံကိုနှိပ်ခြင်းဖြင့် မိမိဖျက်လိုသောစာများအား အမိုက်ဖိုဒါထဲသို့ထည့်သွင်းနိုင်သည်။ ပြီးနောက် ဖော်ပြထားသည့်စာရင်းထဲရှိ နောက်မက်ဆေ့ခ်ျတခုကိုထပ်သွားနိုင်သည်။
အကယ်၍ ဖိုဒါများဆီသို့ပြန်လည်ရောက်ရှိလိုပါက စက်ရုပ်ခွေးပုံသဏ္ဍန် ကေ-၉ အိုင်ကွန်ရုပ်ကိုနှိပ်ရမည်ဖြစ်သည်။
မိမိအကောင့်များ၏စာရင်းကိုဖော်ပြပေးထားသောနေရာသို့ ပြန်ရောက်လိုပါကလည်း စက်ရုပ်ခွေးပုံလေးကို သာရွေးချယ်ပေးရမည်ဖြစ်သည်။
အီးမေးလ်အသစ်များထပ်မံရောက်ရှိ မရှိကိုသိရှိနိုင်ရန် မိမိအကောင့်အား အသစ်ပြန်လည်ပြပေးစေလိုပါက မက်ဆေ့ခ်ျများကိုဖော်ပြပေးသည့် Inbox ဘားတန်းပေါ်မှ refresh အိုင်ကွန်ပုံကို ကလစ်နှိပ်ပေးရမည်ဖြစ်သည်။
Refresh အိုင်ကွန်သည် မိမိအကောင့်ဝင်းဒိုးတွင်ဆိုပါက အကောင့်များအားလုံးကို ပြန်လည်၍အသစ်စစ်ဆေးခြင်း (refresh) လုပ်ပေးမည်ဖြစ်သည်။
မိမိအီးမေးလ်အား Refresh လုပ်ရန်အခြားနည်းလမ်းတခုမှာ မိမိ၏ Inbox အတွင်းရှိ မည်သည့်မက်ဆေ့ခ်ျကိုမဆို ကြိုက်ရာရွေးချယ်၍ ဖန်သားပြင်(Screen) ၏အောက်ခြေသို့ ဖိဆွဲလိုက်ပါက Release to refresh ဆိုသည်ကိုတွေ့ရမည်ဖြစ်ပြီး၊
၎င်းဖိဆွဲထားခြင်းကိုလွတ်ပေးလိုက်ပါလျင် ကေ-၉ က ထပ်မံရောက်ရှိနေသော မက်ဆေ့ခ်ျအသစ်များကို တင်ပေးမည်ဖြစ်သည်။
အီးမေးလ်နှင့်အတူ ပူးတွဲပေးပို့လိုက်သောဖိုင်များအား ဖတ်ရှုနိုင်ရန် Show attachments ဆိုသည့် ဗောက်စ် ကိုရွေးချယ်ပေးရပါမည်။
ထို့နောက် မိမိအနေဖြင့် ပူးတွဲပါလာသောဖိုင်နှင့်ပတ်သက်သော အချက်အလက်များကိုတွေ့ရမည်ဖြစ်ပြီး ပူးတွဲပေးပို့လိုက်သောဖိုင်သည် ပုံတစ်ပုံဖြစ်နေပါက ၄င်းပုံ၏ အကြိုမြင်ကွင်းပုံ (preview) ကိုတွေ့မြင်နိုင်မည်ဖြစ်သည်။
ထို့နောက် ပူးတွဲပါဖိုင်အား ဖွင့်ကြည့်ရန် သို့မဟုတ် သိမ်းဆည်းရန် (Open or Save) ဟုမေးသည့် ရွေးချယ်ရန်တစ်ခုခုကိုတွေ့ရမည်ဖြစ်သည်။
ကေ-၉ အပလီကေးရှင်းထဲ၌ မိမိရောက်ရှိနေရာအပေါ်မူတည်၍ အီးမေးလ်မက်ဆေ့ခ်ျတစ်စောင်ကို ရေးသားရန်အတွက် နည်းလမ်းပေါင်းများစွာရှိသည်။
မိမိစက်မျက်နှာပြင် (Screen)၏ အရွယ်အစားပေါ်မူတည်၍လည်း အချို့ options (ရွေးချယ်စရာများ) များကွဲပြားနိုင်ပါသည်။ အကယ်၍ မိမိလက်ရှိဖတ်နေသော အီးမေးလ်အား အကြောင်းပြန်ကြားလိုပါက အပေါ်ဘားတန်းပေါ်ရှိ Reply ပုံအိုင်ကွန် (လေးထောင့်ကွက်အတွင်းရှိ နှစ်ထပ်နောက်ပြန်မျှားကောက်ပုံ) ကိုကလစ်နှိပ်ရမည်ဖြစ်သည်။
အကယ်၍ Reply အိုင်ကွန်ပုံအားမမြင်တွေ့ရပါက စခရင်၏ ဘယ်ဘက်ထောင့်အပေါ်ရှိ More Actions အိုင်ကွန် အားရွေးချယ်ရမည်ဖြစ်ပြီး၊ ၄င်းထဲမှ Send ကိုရွေးချယ်ပေးရမည်ဖြစ်သည်။
Send ကိုရွေးချယ်ခြင်းအားဖြင့် နောက်ထပ် Reply၊ Reply all၊ Forward နှင့် Share စသည်ဖြင့် ထပ်မံရွေးချယ်စရာများ (options) အား ဖော်ပြပေးမည်ဖြစ်သည်။
Share option သည် မိမိအန်းဒရွိုက် (Android)အတွင်းရှိ အခြား apps များထံသို့ အီးမေးတွင်ပါရှိသောစာသားများအား မျှဝေပေးရန်လုပ်ဆောင်နိုင်သည့်ရွေးချယ်စရာ options များကိုလည်း ဖော်ပြပေးထားသည်။
Reply သည် မိမိထံ အီးမေးလ်ပေးပို့လိုက်သူဆီသို့ အကြောင်းပြန်ပေးခြင်းကိုပြုလုပ်ပေးမည်ဖြစ်ပြီး၊ Reply all သည် မိမိနည်းတူ အီးမေးကိုလက်ခံရရှိနိုင်သူအားလုံးထံသို့ အကြောင်းပြန်ပေးခြင်းကိုလုပ်ဆောင်ပေးမည်ဖြစ်သည်။ Forward သည် မိမိရရှိသောအီးမေးလ်ပါအကြောင်းအရာများကို အခြားသူတစ်ဦးဦးထံပေးပို့နိုင်စေရန် လုပ်ဆောင်ပေးမည်ဖြစ်သည်။
အီးမေးလ်အသစ်များရေးသားခြင်းမှာ ရွေးချယ်စရာသုံးခုကိုအသုံးပြု၍ အီးမေးလ်ပေးပို့ခြင်းလုပ်ငန်းစဉ်နှင့် အလားသဏ္ဍာန်အတူတူပင်ဖြစ်သည်။
အီးမေးလ်အသစ်တစ်စောင်ရေးသားရန် ဖိုဒါဝင်းဒိုး (Folder Window) ရှိ မက်ဆေ့ခ်ျ်ရေးသားရန် (compose message) ဆိုသည့် (အပေါင်းလက္ခဏာနှင့်စာအိပ်ပုံ) အိုင်ကွန်ပုံလေးကို ကလစ်နှိပ်ရမည်ဖြစ်သည်။
Inbox အတွင်းမှနေ၍ မက်ဆေ့ခ်ျအသစ်ပေးပို့မည်ဆိုပါက More Action အိုင်ကွန် ကို နှိပ်ပါ။ ထို့နောက် compose ကိုရွေးချယ်ပေးရမည်ဖြစ်သည်။
ထပ်မံတွေ့ရှိရမည့် စခရင်မျက်နှာပြင်မှာ Compose ၀င်းဒိုးဖြစ်သည်။
၎င်းဝင်းဒိုး၌ တွေ့ရှိရမည့် options များမှာ To, Subject နှင့် Message text များဖြစ်ပြီး TO ဆိုသည့်နေရာမှာ မိမိပေးပို့လိုသောစာကို ပေးပို့နိုင်ရန် အီးမေးလ်လိပ်စာများရေးရန်နေရာဖြစ်ပြီး၊ Subject နေရာသည် မိမိအီးမေးလ်အကြောင်းအရာခေါင်းစဉ်ကို ရေးသားရန်နေရာဖြစ်သည်။ Message text တွင် မိမိရေးသားမည့်အကြောင်းအရာများကို ရေးသားရမည်ဖြစ်သည်။
တစ်စုံတဦးထံသို့ ရိုးရိုးစာတစ်စောင်ပေးပို့ရန် ဖော်ပြပါ options များကို ရေးသွင်းဖြည့်စွက်ပြီးနောက် ဖန်သားပြင်ပေါ်ဘယ်ဘက်ရှိ လက်ယာဘက်သို့ဦးတည်ထားသော မျှားခေါင်းပုံဖြစ်သည့် send mail အိုင်ကွန်ကိုရွေးချယ်နှိပ်ပေးရမည်ဖြစ်သည်။
Compose ၀င်းဒိုး၏အပေါ်ဘက်လိုင်းပေါ်တွင် အခြားအသုံးဝင်သော အိုင်ကွန်များလည်းရှိသည်။ ထိုအထဲမှ လူနှစ်ယောက်ထပ်ထားသည့်ပုံအိုင်ကွန်ကို နှိပ်လိုက်ပါက အီးမေလ်းပို့ရာတွင် ပိုမိုလွယ်ကူသက်သာစေနိုင်မည့် အခြား options များကိုတွေ့ရမည်ဖြစ်သည်။
ထို options များထဲတွင် CC နှင့် BCC ဆိုသည့်နေရာများကိုတွေ့ရမည်ဖြစ်ပြီး၊ ၄င်းနေရာများတွင် အီးမေးလ်လိပ်စာများကို ထည့်သွင်းရမည်ဖြစ်သည်။ CC ဆိုသည်မှာ ၄င်းနေရာတွင်ရေးထည့်ထားသည့် အီးမေးလ်ပိုင်ရှင်သည် အဓိက မေလ်းလက်ခံသူမဟုတ်ကြောင်းနှင့် ထိုသူ့ထံမှ ပြန်စာကိုမျော်လင့်မထားပဲ အီးမေးလ်ပါအချက်အလက်များသည် ထိုသူ့အတွက်အသုံးဝင်နိုင်မည်ဖြစ်သောကြောင့် ထိုသူအားထည့်သွင်းပေးပို့ထားခြင်းသာ ဖြစ်သည်ဟု ဆိုလို သည့် သဘောဖြစ်သည်။
BCC သည်လည်း ၄င်းနည်းတူပင်ဖြစ်သည်။ သို့သော် ဤနေရာတွင် B သည် blind ကိုကိုယ်စားပြုပြီး ကွယ်ဝှက်ထားသည့်သဘောဖြစ်သောကြောင့် အခြားမေးလ်လက်ခံရရှိသူများအနေဖြင့် BCC နေရာတွင် ပါရှိသည့်သူများ (အီးမေလ်းလိပ်စာများကို) ကို မသိနိုင်ပေ။
၎င်းအီးမေးလ်လိပ်စာများထည့်သည့်နေရာ၏ယာဘက်တွင် လူပုံနှင့်အပေါင်းလက္ခဏာ ပုံအိုင်ကွန်ကိုတွေ့ရမည်ဖြစ်ပြီး၊ ၄င်းသည် မိမိထည့်သွင်းပေးပို့လိုသည့်လူများ၏ အီးမေးလ်များကို ထပ်မံထည့်သွင်းနိုင်ရန်ဖြစ်သည်။
ထိုအိုင်ကွန်ပုံကို နှိပ်ပြီးပါက မိမိဆက်သွယ်ပေးပို့လိုသူများကို မိမိ၏ contact list မှ ရွေးချယ်ပေးခြင်းဖြင့် ထည့်သွင်းနိုင်သည်။ ထိုသူများကို မိမိရွေးချယ်ထည့်သွင်းလိုက်သည့် အီးမေလ်းလိပ်စာနေရာများတွင် တွေ့ရမည်ဖြစ်သည်။
အီးမေလ်းအသုံးပြုခြင်းဖြင့် ရရှိသည့်အားသာချက်တစ်ခုမှာ မည်သည့် ဖိုင်အမျိုးအစားကိုမဆို မိမိပေးပို့လိုသူထံသို့ ပူးတွဲဖိုင် (attachment) အဖြစ် မက်ဆေ့ခ်ျနှင့်အတူ ပေးပို့နိုင်ခြင်းဖြစ်သည်။ ထိုသို့ပေးပို့နိုင်ရန် စက္ကူညှပ်ကလစ် ပုံအိုင်ကွန်ကို ကလစ်နှိပ်ရွေးချယ်ရမည်။
မိမိအန်းဒရွိုက် (Android) တွင် ပြင်ဆင်ဖွဲ့စည်းထားခြင်း (configuration) ပေါ်မူတည်၍ မိမိ၏ ဖုန်း သို့မဟုတ် သင်ပုန်းကွန်ပျုတာ (Tablets)ထဲမှ ဖိုင်များကိုရွေးချယ်ရန် အမျိုးမျိုးသော ရွေးချယ်စရာ (options) များကိုတွေ့ရမည်ဖြစ်သည်။
မိမိ ပူးတွဲပေးပို့လိုသော ဖိုင်ကို ရွေးချယ်ရယူရန် File Manager သို့မဟုတ် အလားတူ အပလီကေးရှင်း (Application) ကိုသုံးရမည်။
မိမိ၏ ဖိုင်များကို ပုံမှန်အားဖြင့် ဖုန်းတွင်းပါရှိသည့် internal SD ကဒ် သို့မဟုတ် ထပ်မံထည့်သွင်းထားသော external SD ကဒ်ထဲ၌တွေ့နိုင်သည်။ မိမိရိုက်ယူထားသော ဓါတ်ပုံတစ်ပုံကို ပူးတွဲပေးပို့လိုပါက ၄င်းပုံသည် မိမိ၏ (ဖိုင်မန်နေဂျာရှိ) DCIM အခန်း (folder) ၌ရှိမည်ဖြစ်ပြီး၊ ဒေါင်းလုပ်ဒ်ရယူထားသောဖိုင်ဖြစ်ပါက download ဖိုင်ထဲတွင်ရှိမည်ဖြစ်သည်။ မိမိဖုန်းအတွင်းရှိဖိုင်များနှင့်ပတ်သက်၍ရင်းနှီးကျွမ်းဝင်မှုသိပ်မရှိပါက အနည်းငယ်လေ့လာထားရန် လိုအပ်ပါသည်။
မိမိပူးတွဲလိုသောဖိုင်ကို ရွေးချယ်ရမည်ဖြစ်ပြီး၊ ၄င်းဖိုင်ကို မိမိ၏မက်ဆေ့ခ်ျတွင် ပူးတွဲထားပြီးဖြစ်ကြောင်း တွေ့ရမည်။
အီးမေးလ်အားပေးပို့သောအခါ၌ ပေးပို့နေကြောင်း အသိပေးချက် (notification) ကို တွေ့ရမည်ဖြစ်သည်။
ဖတ်ရှုလျက်ရှိသော အီးမေးလ်အားဖျက်ပစ်လိုပါက အမှိုက်ပုံးပုံအိုင်ကွန် (trash bin) ကို နှိပ်ပေးရမည်ဖြစ်ပြီး၊
တချိန်တည်းတွင် မေးတစ်စောင်ထက်ပို၍ ဖျက်ပစ်လိုပါက ဖိုဒါတစ်ခုခုအတွင်းရှိ မက်ဆေ့ခ်ျများကို စာရင်းပြုဖော်ပြပေးထားသောနေရာမှ ဖျက်ရမည်ဖြစ်သည်။
ပုံတွင်ဖော်ပြထားသည့်အတိုင်း ပထမဆုံးပြထားသည့်အီးမေးလ်အားဖျက်လိုပါက မက်ဆေ့ခ်ျ၏ လက်ဝဲဘက်ထောင့်ရှိနေရာအား သေချာစွာနှိပ်၍ရွေးချယ်ပေးရမည်ဖြစ်သည်။
ထိုအခါ လေးထောင့်ကွက်ကလေးအတွင်း၌ အမှန်ခြစ်ထားသည့်ပုံပေါ်လာသည်ကို တွေ့ရမည်ဖြစ်ပြီး၊ ခေါင်းစည်းဘားတန်း (header bar) တွင် တစ်ခုရွေးချယ်ထားပြီး (1 Selected) ဟုဖော်ပြပေးမည်ဖြစ်သည်။
ထို့နောက် မိမိဖျက်လိုသော အခြားမက်ဆေ့ခ်ျများကိုဆက်လက်ရွေးချယ်သွားရမည်ဖြစ်သည်။
ယခုအခါတွင် မက်ဆေ့ခ်ျတစ်ခုကို ရွေးချယ်ခဲ့ပြီးဖြစ်သောကြောင့် ထပ်မံဖျက်လိုသော စာများအတွက် အကျဉ်းချူပ်ဖော်ပြပေးထားသော မက်ဆေ့ခ်ျများ၏ မည့်သည့်နေရာကိုမဆို နှိပ်၍ ရွေးချယ်နိုင်ပြီဖြစ်သည်။
ရွေးချယ်ထားပြီသော မက်ဆေ့ခ်ျများကို ဖျက်ပစ်ရန် delete သို့မဟုတ် trash bin အိုင်ကွန်ကို တို့ထိရွေးချယ်ပေးရမည်။ ထိုအခါ ဖျက်လိုက်သောမက်ဆေ့ခ်ျမျာသည့် မိမိအကောင့်ရှိ trash ဖိုဒါထဲသို့ ရောက်ရှိသွားမည်ဖြစ်သည်။
မိမိ၏စာများကို စီမံနိုင်ရန် အသုံးဝင်လှသော အခြား အိုင်ကွန်များလည်းရှိသေးသည်။ စာအိပ်ပုံအိုင်ကွန်သည် မိမိရွေးချယ်ထားသော မက်ဆေ့ခ်ျများအား ဖတ်ပြီးသား သို့မဟုတ် မဖတ်ရသေးသည့်စာ စသည်ဖြင့်သတ်မှတ်ရွေးချယ်နိုင်ရန်ဖြစ်သည်။
မက်ဆေ့ခ်ျသုံးခုထပ်ထားသည့်ပုံအိုင်ကွန်သည် မိမိရွေးချယ်ထားသော မက်ဆေ့ခ်ျများအား မှတ်တမ်းတင်သိမ်းဆည်းရာနေရာ သို့ မော်ကွန်းတိုက် (archive) ဖိုဒါသို့ ပြောင်းရွေးထားပေးမည်ဖြစ်ပြီး၊
စတုရန်းပုံ More Actions အိုင်ကွန်သည် အခြားရွေးချယ်စရာ options များကို ဖော်ပြပေးမည်ဖြစ်ပြီး ၄င်းတို့ကို အခြားအခန်းတွင်ဖော်ပြပေးပါမည်။